စောဒကနှင့် အဖြေ
အတိတ်ကံကို ဘာသာမဲ့တစ်ယောက်အနေနဲ့ ဘယ်လိုမြင်သလဲ??
အဖြေ။
ကံဆိုတာ ပါဠိစကား ကမ္မကနေလာတဲ့ စကားလုံးပါ။ အလုပ်လို့ အဓိပ္ပာယ်ရပါတယ်။ အတိတ်ကံ၊ ပစ္စုပ္ပန်ကံ ဆိုတာတွေဟာ အရင်က လုပ်ခဲ့တဲ့အလုပ်၊ အခုလုပ်နေတဲ့ အလုပ်ဆိုပါတော့။ ကာယကံ၊ ၀စီကံ၊ မနောကံဆိုတာ ခန္ဓာနဲ့လုပ်တဲ့အလုပ်၊ နှုတ်နဲ့လုပ်တဲ့အလုပ်၊ စိတ်နဲ့လုပ်တဲ့ အလုပ်ပါပဲ။
ဒါကြောင့် ဘာသာမဲ့တွေက အတိတ်ကံကို မယုံတာမဟုတ်ပါဘူး။ အတိတ်ဘ၀ဆိုတာကိုသာ မယုံတာပါ။ အတိတ်ဘ၀က သက်သေပြစရာမရှိပါဘူး။ အတိတ်ကံကတော့ ပြစရာရှိတယ်လေ။ ဖွင့်ဆိုပုံတော့ ကွာမှာပေါ့။
အတိတ်ကံဆိုတာ ငယ်ငယ်တုန်းကအလုပ်။ အဲဒါကလည်း အကျိုးပေးတတ်ပါတယ်။ ငယ်ငယ်က အချိုတွေ သိပ်စားလွန်းလို့ သွားတွေပိုးစားပြီး ပျက်စီးတော့ ကြီးလာတဲ့အခါ သွားကိုက်၊ သွားနာ၊ သွားကျိုး ဖြစ်လာမှာပေါ့။ ငယ်ငယ်က ဆေးလိပ်အရက်တွေ အသောက်များခဲ့တော့ ကြီးလာတဲ့အခါ အဆုပ်ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါတွေ ရလာမှာပေါ့။ ငယ်ငယ်က စာတွေအရမ်းဖတ်ခဲ့တော့ ကြီးလာတဲ့အခါ စာတိုငညိုလို လူတွယ်ကျယ် လူတတ်လူနပ် ဖြစ်လာမှာပေါ့။ မျက်မှန်ထူထူကြီး တပ်ရင်လည်း တပ်နေရမှာပေါ့လေ။
ဒါကိုပဲ အတ်ိတ်ကံအကျိုးပေးလို့ ဘာသာမဲ့တွေ ယုံကြည်ကြပါတယ်။
အတိတ်ကံကို နောက်တစ်မျိုးလည်း ယူလို့ရပါတယ်။ အဲဒါက ဘိုးဘွားမိဘမျိုးရိုးစဉ်ဆက် အတိတ်ကလုပ်ခဲ့တဲ့ အလုပ်တွေပေါ့။
ဆိုပါစို့။ သီပေါမင်း ဘုရင်ဖြစ်တာ အတိတ်က ဦးအောင်ဇေယျရဲ့ လုပ်ဆောင်မှုကြောင့်ပါ။ ဦးအောင်ဇေယျဟာ မင်းမျိုးမင်းနွယ် မဟုတ်ပေမဲ့ ကုန်းဘောင်နန်းကို စဦးတည်ထောင်နိုင်ခဲ့တယ်။ သူ့သား၊ သူ့မြေးမြစ်၊ တီ၊ တွတ်တွေ တစ်လှည့်စီ အုပ်ချုပ်လာတာမှာ နောက်ဆုံး သီပေါမင်းလက်ထဲ ထီးနန်းရောက်တယ်။ ထီးမွေနန်းဆက်ကို ညီသားတူမြေး၊ သွေးချင်းမဟုတ်ဘဲ ပေးရိုးအစဉ်အလာမရှိဘူး။ ဒါကြောင့် သီပေါမင်း နန်းတက်ခွင့်ရတာ သူ့မျိုးရိုးစဉ်ဆက်ရဲ့ အတိတ်ကံကြောင့်ပဲ။ ဒါပေမဲ့ မင်းတုန်းမင်းရဲ့ သားတော်တွေက အများကြီးပါ။ ကာလဒေသ ပယောဂပေါ် မူတည်ပြီး မြှောက်ပေးသူတွေ၊ တွန်းတင်သူတွေလည်းရှိ၊ မိမိကိုယ်တိုင်ကလည်း ညီတော်နောင်တော်တွေကို လက်ဦးမှုယူ သုတ်သင်ရှင်းလင်းနိုင်တာကြောင့် အများထဲကတစ်ယောက် သူဖောက်ထွက်ပြီး နန်းမွေ ရသွားတာ သူ့ရဲ့ပစ္စုပ္ပန်ကံ၊ လက်ရှိလုပ်ရပ်ကလည်း အရေးပါတာပေါ့။ ဒါ သိပ်ရိုးရှင်းတဲ့ သဘာ၀ဓမ္မပါ။
နောက်တစ်ခုက သဘာ၀ဓမ္မမှာ ချိန်ခွင်လျှာရှိပါတယ်။ ချိန်ခွင်လျှာ တစ်ဖက်စောင်းနင်းဖြစ်အောင်လုပ်ရင် ဖောက်ပြန်မှုဖြစ်ပါတယ်။ အတိတ်ကလူတွေ သစ်ပင်တွေ ခုတ်ချင်တိုင်းခုတ်သွားတော့ နောက်မျိုးဆက်လက်ထက်မှာ တောတောင်တွေ ခြောက်ခမ်းလာတယ်။ တောတောင်ခြောက်ခမ်းတော့ ရာသီဥတုတွေ ဖောက်ပြန်၊ ရာသီဥတုဖောက်ပြန်တော့ မိုးခေါင်ရေရှားဖြစ်လိုဖြစ်၊ မိုးများလိုများ၊ မြစ်ရေလျှံလိုလျှံ၊ မုန်တိုင်းတွေ ကုန်းတွင်းပိုင်းထိ ၀င်လို၀င် လူတွေအတိဒုက္ခရောက်၊ လယ်ယာကိုင်းကျွန်းတွေပျက်စီး၊ စားနပ်ရိက္ခာရှားပါး၊ ဒုဗ္ဘိက္ခန ္တရကပ်ဆိုက်လိုဆိုက်——ကိုင်း၊ ဒါလည်း ကျွန်တော်နားလည်တဲ့ အတိတ်ကံပါပဲ။
ဦးနေ၀င်းနဲ့ န၀တ၊နအဖ စစ်အစိုးရအဆက်ဆက် လုပ်ခဲ့ကြတဲ့ အတိတ်ကလုပ်ရပ်တွေကြောင့် ပစ္စုပ္ပန်မှာ ကမ္ဘာ့ အဆင်းရဲဆုံးတိုင်းပြည်မှာ ကျွန်တော်တို့ လူလာဖြစ်ရတာဟာလည်း အတိတ်ကံပဲပေါ့။
ကိုယ့်ကိုယ်ကိုယ် အစားအသောက်အနေအထိုင် မဆင်ခြင်ဘဲ သောက်စားလွန်ကြူးရှိရာက ခန္ဓာကိုယ်ရဲ့မျှခြေ၊ ခန္ဓာကိုယ်ရဲ့ချိန်ခွင်လျှာ တစ်ဖက်စောင်းနင်းဖြစ်ပြီး နောက်ပိုင်းအသက်အရွယ်ရလာတော့ သွေးတိုးနှလုံး ဆီးချိုသွေးချို စတာတွေဖြစ်။ အဲဒါ သူ့ရဲ့အတိတ်ကံ။ အဲ သူ့မျိုးဆက်လက်ထက်ကျတော့ သူတို့အမှားမရှိဘဲ မျိုးရိုးရှိလို့ဆိုပြီး အဲဒီရောဂါမျိုးတွေ ကံစမ်းမဲထပေါက်သလို ဖြစ်ကုန်ပါလေရော။ အဲဒါ အတိတ်က ဘ်ိုးဘေးမိဘတွေ ပြုခဲ့တဲ့လုပ်ရပ်၊ အတိတ်ကံပဲလေ။ ဒါသဘာ၀ဓမ္မ။ ဘာသာတရားပရဝုဏ်ထဲမှာ လိုက်ရှာစရာ မလိုတဲ့ကိစ္စ။ လောကကို ဆင်ခြင်ရှုမြင်ရုံနဲ့ ရနိုင်တဲ့အသိ။
ဒါကြောင့် အတိတ်ကံဆိုတာ ကိုယ့်သက်တမ်းတစ်လျှောက် ကောင်းတာချည်း လုပ်ခဲ့လို့ ကောင်းကျိုးတင်ကျန်တာမျိုးရှိသလို ဆိုးတာတွေလုပ်ခဲ့လို့ ဆိုးကျိုးအဖတ်တင်တာတွေလည်း ရှိမယ်။ ဘိုးဘေးစဉ်ဆက် မျိုးရိုးနဲ့ချီပြီး မကောင်းတာတွေလုပ်ခဲ့လို့ မကောင်းကျိုးအမွေဆက်ခံရတာရှိသလို ကောင်းတာတွေဆည်းပူးခဲ့လို့ ကောင်းကျိုး အမွေရတာတွေလည်း ရှိမယ်။ ဘိုးဘေးတွေရဲ့ အတိတ်ကအလုပ်ကြောင့်ဆိုရင်တော့ အဲဒီဆိုးမွေကို လက်ရှိပစ္စုပ္ပန်မှာ ကိုယ့်ရဲ့လုပ်ရဲ့တွေနဲ့ ဖုံးပစ်ရတာပေါ့။ ဆိုပါစို့။ ကျွန်တော့် ဘိုးဘေးတွေမှာ ဆီးချိုသွေးတိုး ရှိခဲ့တော့ ဆရာ၀န်က ကျွန်တော့်ကို ကြိုတင်သတိပေးတယ်။ မျိုးရိုးလိုက်တတ်တယ်။ ခင်ဗျားမှာလည်း ဖြစ်နိုင်စွမ်းရှိတယ်။ အငန်လျှော့စားပါ။ အချိုတွေ သိပ်မစားပါနဲ့တဲ့။ ကျွန်တော်က ဆင်ခြင်ပြီး သတိထားလိုက်တယ်။ ဘာမှမဖြစ်တော့ဘူး။ ဒါမျိုးပေါ့။
နောက်တစ်ခုက ကိုယ့်လုပ်ရပ်ဟာ ကိုယ်ပဲခံရမှာဆိုတဲ့အသိကို ဖယ်ထုတ်ဖို့လိုတယ်။ ကိုယ့်လုပ်ရပ်ဟာ ပတ်၀န်းကျင်ကိုလည်း ထိခိုက်စေတယ်။ ဥပမာ ကျွန်တော်က မီးပေါ့ဆရင် တစ်ရပ်ကွက်လုံး ပြာဖြစ်သွားမယ်လေ။ ကျွန်တော်က ဖေ့စ်ဘုတ်ပေါ်မှာ ဖွသတင်းတစ်ပုဒ်၊ ရန်မီးမွှေးသတင်းတစ်ပုဒ်တင်လိုက်ရင် ပဋိပက္ခကြီးကြီးမားမားတစ်ခုဖြစ်သွားနိုင်တာပေါ့။ ဒါကြောင့် ကိုယ့်လုပ်ရပ်ကို ကိုယ်ဆင်ခြင်တာ ဘယ်ငရဲမှ ကြောက်လို့ မဟုတ်ဘူး။ သတ္တဝါတွေထဲမှာ အသိဉာဏ်အရှိဆုံးဖြစ်တဲ့ လူသားသဘာဝအတိုင်း လူပီသချင်လို့လေ။ လူသားဆန်ချင်လို့ တိရစ္ဆာန်စိတ် မမွေးချင်လို့။
တစ်ပြိုင်နက်တည်းမှာပဲ ဆင်ခြင်ရမှာတစ်ခုက ကိုယ့်ရဲ့အကျင့်ဆိုး စရိုက်ဆိုးလုပ်ရပ်ဆိုးတွေက နောက်မျိုးဆက်ကို ကူးစက်တယ်ဆိုတာကို မမေ့ဖို့။ ဒီနေ့ခေတ် ဒီအန်အေ ပေါ်လာတာ ကျွန်တော်တို့ကို ဘာသတိပေးသလဲဆိုတော့ ကျွန်တော်တို့ရဲ့ စရိုက်တွေအကျင့်တွေကို ကျွန်တော်တို့ခန္ဓာက မှတ်တမ်းတင်သိမ်းထားတယ်ဆိုတာပဲ။ မျိုးဆက်ကို ဗီဇကောင်းသူတွေ ဖြစ်စေချင်ရင် ကိုယ်ကိုယ်တိုင် စရိုက်ကောင်းအောင်နေပေတော့။ မျိုးဆက်ကို ဉာဏ်ရည်ထက်မြက်သူတွေဖြစ်စေချင်ရင် ကိုယ်ကိုယ်တိုင် ဉာဏ်ကို ထက်အောင် သွေးပေတော့။ မျိုးဆက်ကို အဆင့်အတန်းရှိတဲ့သူတွေအဖြစ် ချန်ထားခဲ့ချင်ရင် ကိုယ်ကိုယ်တိုင် အဆင့်အတန်းရှိတဲ့ ၀န်းကျင်၊ စနစ်ကို ထူထောင်ပေတော့။
ကျွန်တော်တို့က ရှိသမျှအပင်ခုတ်၊ ရှိသမျှသယံဇာတတူးပြီး ရောင်းစား ကိုယ့်မျိုးဆက်က မွဲတေပြီး ကပ်ဘေးတွေသင့်။ ပြီးတော့ လက်ညိုးထိုး အပြစ်လွှဲချလို့ရမယ့် အတိတ်ကံတို့ ဘုရားသခင်တို့ကို အမွေပေးပြီးထားခဲ့လိုက်တယ်။ အဲဒီကလေးတွေက ငါတို့ဘိုးဘေးတွေ အသုံးမကျခဲ့လို့ ဒီလိုတွေဖြစ်နေတာလို့ ကျွန်တော်တို့ကို အပြစ်မမြင်တော့ဘူးလေ။ ဘယ်လောက်ကောင်းလိုက်သလဲ။ ငါတို့ အတိတ်ဘ၀က ကောင်းမှုမလုပ်ခဲ့လို့ မကောင်းတာတွေ အများကြီးလုပ်ခဲ့လို့ အခုလိုဖြစ်နေတာလို့ တွေးပြီး စိတ်အားငယ်မယ်၊ ဘဝရေစုန်မျှောပစ်လိုက်မယ်။ ဒါမှမဟုတ် ဘုရားသခင်ဆိုတာကြီးကို ရှာကြံအပြစ်တင်နေမယ်။ ဒါမှမဟုတ်လည်း ဆုတောင်းရင်းနဲ့ အလုပ်မလုပ်ဘဲ မျှော်လင့်ရင်းလုံးပါး ပါးကြမယ်။ အကြောင်းရင်းကို မှန်မှန်ကန်ကန် သိမထားတော့ ပြင်ဆင်ရကောင်းမှန်းလည်း မသိကြရှာဘူး။
ဒါကို ကျွန်တော်တို့
လူစိတ်နဲ့ လိပ်ပြာမသန့်သင့်ဘူး။
PK Myanmar