ရိုက်ပြီးဆုံးမတာဟာ အဖြေတစ်ခုလား

ခုလိုဆရာကန်တော့ပွဲကာလတွေရောက်တော့ ငယ်ငယ်က ကျောင်းခန်းထဲမှာ အရိုက်ခံခဲ့ရဖူးတဲ့အကြောင်းလေးစိတ်ထဲပေါ်လာတယ်။ ဘာမှမထူးဆန်းတဲ့အကြောင်းအရာလို့ခင်ဗျားတို့ ထင်ကောင်းထင်လိမ့်မယ်။ ကျောင်းနေအရွယ်မှာ ကျောင်းသူ၊ ကျောင်းသားတော်တော်များများအရိုက်ခံခဲ့ရဖူးတာပဲမဟုတ်လား။ မင်းကြမှ ဘာထူးဆန်းလို့လည်းလို့ တချို့လည်းပြောကြမှာပါ။ ဆရာ ဆရာမ သည် ကျောင်းသူကျောင်းသားကိုရိုက်တာ ဘာမှမထူးဆန်းဘူးလို့ထင်နေကြသူတွေ မြန်မာနိုင်ငံမှာ အများကြီးပဲမဟုတ်လား။

အရိုက်ခံရတာနဲ့ပတ်သတ်လို့ ‌ပြောရရင်…ကျောင်းနောက်ကျလို့၊ အိမ်စာမလုပ်ခဲ့လို့၊ စာမရလို့၊ သူများခဲတံခိုးလို့၊ ဆေးလိပ်ခိုးသောက်လို့၊ ကောင်မလေးကို ရည်းစားစာပေးလို့၊ ရန်ဖြစ်လို့ စသည်ဖြင့် အရိုက်ခံရတာတွေရှိတယ်။ ဒါမျိုးကိစ္စနဲ့အရိုက်ခံရတဲ့အခါ ရိုက်သူ နာသူ ကြားမှာ သိပ်အဖုအထစ်ဖြစ်ကျန်ခဲ့မယ်မထင်ဘူး။ မလုပ်သင့် မဖြစ်သင့်တာကိုလုပ်လို့ အရိုက်ခံရတာပဲလို့မှတ်လိုက်ပြီး မေ့မေ့ဖျောက်ဖျောက်ဖြစ်သွားတာပဲ။ မမေ့နိုင်တဲ့သူလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့်တချို့ကိစ္စမျိုးနဲ့ အရိုက်ခံရတဲ့ကျောင်းသားကျောင်းသူတွေရဲ့ရင်ထဲမှာ ဆူးတွေကြီးကြီးမားမားပေါက်လာတတ်တာကိုတော့ ခုခေတ်ဆရာဆရာမတွေ အလေးထားဖို့လိုပါလိမ့်မယ်။ ကျွန်တော်ဆို ဆရာကန်တော့ပွဲတွေတက်ဖို့ ဘယ်လိုမှစိတ်အားမထက်သန်တော့တာကိုယ့်ကိုယ်ကိုသတိထားမိလာတယ်။ အလှူလာခံရင်လည်း ရင်ထဲမှာရှိလို့မဟုတ်ပဲ မကောင်းတတ်လို့လှူလိုက်တာမျိုးပဲရှိတော့တယ်။ ခုခါမှာတော့ဆရာအတတ်သင်ကျောင်း၊ ပညာရေးကောလိပ်တို့မှာ ကလေးစိတ်ပညာဘာသာရပ်ကို ထည့်သွင်းသင်ကြားပေးနေပြီလို့လည်းသိရပါတယ်။ အသိမှားနေရင်လည်းပြင်ပေးကြပါ။

အလယ်တန်းကျောင်းသားဘဝတုန်းက အတန်းပိုင်ဆရာမရဲ့ ပထမဆုံးအချိန်မှာ ဖြစ်သွားတဲ့အကြောင်းအရာလေးပါ။ သူ့အရှေ့မှာ စကားပြောနေလို့ဆိုပြီး ပါးရိုက်တာခံလိုက်ရဖူးတယ်။ တကယ့်အဖြစ်က မနေ့ကအိမ်စာပေးလိုက်တာနဲ့ပတ်သတ်ပြီး ဘေးကအတန်းဖော်သူငယ်ချင်း မေးတာကို လှည့်ဖြေနေတာ။ ဘာစာမှမသင်သေးတဲ့အချိန်ဆိုတော့ပြောမိတာဖြစ်မှာပါ။နောက်ပိုင်းပြန်သိရတာက အဲ့ဒီမနက်က သူ့အိမ်တွင်းရေးပြဿနာကြောင့် ကျောင်းနောက်ကျတာကို ကျောင်းအုပ်ဆရာကြီးက သူ့ကိုဆူတယ်လို့သိရတယ်။ အဲဒီအရှိန်နဲ့ သူဟာ စားပွဲမှာငူငူကြီးထိုင်နေတုန်း သူ့ရှေ့တည့်တည့်မှာစကားပြောမိတဲ့ ကိုယ်က ဓားစာခံဖြစ်သွားရတာပဲဆိုပြီး ဆက်စပ်တွေးမိလာတယ်။ ဒါပေမယ့် နှစ်တွေတော်တော်ကြာသွားခဲ့ပြီးတဲ့နောက် အခုထိ အဲ့ဒီဆရာမကို ဘယ်လိုမှ ကြည်ညိုလို့မရတော့ဘူး။

လေးတန်းကျောင်းသားဘဝတုန်းကလည်း ကျောင်းဆရာတစ်ယောက်ကို တော်တော်ကြီးကို ရွံကြောက်ဖြစ်ဖူးတယ်။ ကိုယ်နဲ့ တိုက်ရိုက်ကြုံတွေ့ရတာမဟုတ်ပေမယ့် အတန်းဖော်တစ်ယောက်ကို အတန်းရှေ့စာထွက်ပြန်ခိုင်းတာ ထစ်လို့ဆိုပြီး တစ်မတ်လုံးလောက်ကြိမ်တုတ် ဖွာတဲ့အထိရိုက်တာကိုယ့်ရှေ့မှာတင်မျက်ဝါးထင်ထင် မြင်ခဲ့ဖူးတယ်။ အဲ့ဒီဆရာဟာ ကျောင်းကိုအမြဲနောက်ကျလေ့ရှိပြီး ကျောင်းဝတ်စုံကို အခန်းရှေ့ကျောင်းသူ၊ ကျောင်းသားတွေရှေ့မှာပဲ လဲလှယ်ဝတ်ဆင်လေ့ရှိတယ်။ ဒီဆရာဟာ အရိုက်ကြမ်းလို့နာမည်ကြီးရုံတင်မကဘူး။ သူ့အတန်းက မိန်းကလေးတွေကို အတန်းရှေ့ထွက်ခိုင်းပြီး လုံခြည်လှန်ပြီးရိုက်တာတို့၊ ထိုင်ထလုပ်ခိုင်းတာတို့ကြောင့်ပါနာမည်ကြီးတယ်။ ခုဏက အရိုက်ခံရတဲ့ကောင်ဆို သူ့အချိန်ရောက်တိုင်း နေစရာနေရာမရှိအောင်တုန်နေတတ်တာတွေ။ နေ့လည် ထမင်းစားနားချိန်တွေဆို ရှိသမျှအတန်းတိုင်းက ကြိမ်တုတ်တွေကို လိုက်ရှာပြီးချိုးပစ်နေတာတွေထိ ဆိုက်ကိုဝင်သွားတာတွေ့ရတယ်။ စဉ်းစားကြည့်ပါ။ ဒီကလေးဟာ ဘယ်လောက်တောင်စိတ်ဒဏ်ရာအကြီးအကျယ်ရသွားလိမ့်မလည်း။နောက်သိပ်မကြာဘူး ဒီကောင် ကျောင်းပြောင်းသွားပါလေရော။ အဲ့ဒီဆရာလည်းမကြာပါဘူး ရပ်ကွက်ထဲက စိတ်မနှံ့တဲ့ အမျိုးသမီးတစ်ယောက်ကို မတော်မတရားကြံစည်လို့ ထောင်ကျသွားပါလေရော။

အထက်တန်းရောက်တော့ရော။ အရွယ်လေးလည်းရောက်လာတော့ အရိုက်တော့မခံရတော့ဘူး။ ရိုက်တာထက်ပိုဆိုးတဲ့ အနုနည်းနဲ့ပညာပြတာတွေ၊ ဘက်လိုက်တာတွေ၊ သူ့ကျူရှင်မယူလို့ ဝတ်ကျေတန်းကျေပဲသင်တာတွေ။ မှတ်မိသေးတယ်။ ဓာတုဗေဒဆရာမအချိန် ခက်ခဲရှုပ်ထွေးတဲ့ ဖော်မြူလာတွေကို သင်ရိုးစာအုပ်ကဘယ်စာမျက်နှာကိုလှန် ဆိုတာပဲပြောပြီး သင်ပုန်းပေါ် ချိုးချိုးချွတ်ချွတ်နဲ့ ရှုပ်ပွနေအောင် ဖော်မြူလာတွေ အီကွေးရှင်းတွေ အမြန်ရေးတော့တာ။ ပါးစပ်ကလည်း ဘာပြောသွားမှန်းမသိအောင် မြန်မြန်ကြီးရွတ်ရင်းရေးချသွားလိုက်တာပဲ။
လိုက်ကူးရေးနေတုန်းမပြီးခင် ဖျက်ပစ်တာက သူ့အကျင့်။ သူ့ကျူရှင်မတက်တဲ့ကိုယ်တွေလို ကျောင်းသားတွေအတွက် တကယ့်စိတ်ဒဏ်ရာပါပဲ။ သူ့ကျူရှင်ယူထားတဲ့ မအေဘေးလေးတွေရဲ့ ဆောင့်ကြွားကြွားမျက်နှာတွေကလည်း တကယ့်ငရဲပါပဲ။ ရူပဗေဒဆရာမလည်း ထူးမခြားနားပဲ။ သူတို့အချိန်တွေဆို ဘဝတူကျောင်းသားတွေဟာ အတန်းလစ်ပြီး သေးပေါက်ခန်းမှာ သွားစုကြတော့တာပါပဲ။ တော်သေးတာတစ်ခု ဇီဝဗေဒဆရာမကတော့တော်တော်လေးကို စိတ်သဘောပြည့်ဝတယ်။ သူ့အချိန်တွေမှာ ပုံတွေစံနစ်တကျဆွဲတတ်အောင်သင်ပေးတာတွေကအစ အကြောင်းအရာတိုင်းကိုစိတ်ဝင်စားအောင် စေတနာပါပါသင်ပေးတတ်တာအဆုံး။ ပျင်းရတယ်ကိုမရှိဘူး။စာမေးပွဲတွေတိုင်းမှာ သိပ္ပံတွဲကို သူ့တစ်ဘာသာတည်းနဲ့ အောင်မှတ်ရအောင်‌ဖြေခဲ့ရတယ်။ အဲ့ဒီတုန်းက ကျွန်တော်တို့ခေတ်မှာ ဝိဇ္ဇာ သိပ္ပံရယ်လို့မခွဲသေးဘူးရယ်။
အဆုံးသတ် ပြောချင်တဲ့အကြောင်းက ကလေး၊ လူငယ်၊ ကျောင်းသူ ကျောင်းသားတွေဟာ အနာဂတ်ရဲ့ခေါင်းဆောင်တွေဖြစ်တဲ့အတွက် ဒီကလေးသူငယ်တွေကို သင်ကြားပြသပေးမယ့် ဆရာဆရာမတွေကို အလုပ်မခန့်ခင် စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေစစ်ဆေးအောင်မြင်ပြီးမှသာ ခန့်သင့်တယ်လို့ အကြံပြုလိုပါတယ်။

ကျွန်တော်တို့ မြန်မာတွေမှာအရိုးစွဲနေတဲ့ “ဆရာတွေဟာ ဘုရားနဲ့တစ်ဂိုဏ်းထဲ” ဆိုပြီး ရတနာသုံးပါးနဲ့တစ်စင်ထဲတက်ထိုင်နေတဲ့ ဒီဘက်ခေတ်ဆရာ၊ဆရာမများဟာလည်း အာစရိယဂုဏောအနန္တောဆိုတဲ့ဂုဏ်နဲ့အညီ မိမိကိုယ်ကိုမြင့်တင်မွှမ်းမံရင်း ပရော်ဖက်ရှင်နယ်ပီသစွာနေသွားကြမယ်ဆိုရင် ‌ကျွန်တော်တို့ရဲ့မျိုးဆက် ကလေးငယ်လေးများဟာ မြေဆီ ယာကောင်းမှာ ဖြစ်ထွန်းရှင်သန်မယ့် သစ်သီးဝလံပန်းမာန်များလို၊ နေခြည်ရေမိုးပြည့်စုံတဲ့ ဥယျာဉ်ကြီးလို အနာဂတ်မှာ ဖြစ်ထွန်းအောင်မြင်လာပါလိမ့်မည့်အကြောင်းတင်ပြဆွေးနွေးလိုက်ရပါတယ်။ ဒီဂရုထဲမှာရှိတဲ့ ဆရာ၊ ဆရာမများလည်း ဝင်ရောက်ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။

ချစ်ခင်လေးစားစွာဖြင့်-

# Crd လင်းအိမ်မက်လူ

Published by DanielAlex

It's me for now.

Leave a comment

Design a site like this with WordPress.com
Get started