အသားမစားရင် တကယ်ပဲ bodybuilding လုပ်ဖို့ဖြစ်နိုင်ပါ့မလား

The Game Changers နာမယ်နဲ့ ရုပ်ရှင်က အစာအာဟာရနဲ့ ပတ်သက်ပြီး ကျွန်တော်တစ်လျှောက်လုံး နားလည်ခဲ့တာတွေကို လှန့်နှိုးသွားတာပဲ။ သက်သတ်လွတ် Vegan တစ်ယောက်အဖြစ်‌နေသွားသင့်ပြီလားဆိုတဲ့ မေးခွန်းကို တွန်းအားအကြမ်းစားကြီးနဲ့ ခေါင်းထဲထည့်ပေးသွားတယ်။
စွမ်းအင်အကြောင်းမယ်…
ကမ္ဘာတစ်ဝှမ်း နယ်ပေါင်းစုံက သက်သတ်လွတ် အားကစားသမားတွေနဲ့ သူတို့ကိုလုပ်ထားတဲ့ သုတေသနတွေအရ ကျွန်တော်တို့ဟာ ဓာတ်ဆီအင်ဂျင်ထဲ ဒီဇယ်ထည့်မောင်းနေတယ်လို့ ဆိုတယ်။

ကို Nay MinLwin ကို Vegan တစ်ယောက် Bodybuilding လုပ်နိုင်သလားမေးတော့ သူက အင်း..အဲ.. နဲ့. “ရတယ်၊ ဒါပေမယ် တော်တော်အတိအကျ တွက်ချက်စားနိုင်မှ” ဆိုပြီးဖြေရှာတယ်။ Vegan and vegetarian bodybuilders ဆိုပြီး ဂူးဂဲကြည့်ပေါ့။

ကျန်းမာရေးမှာလည်း စိတ်ဝင်စားစရာကောင်းတယ်။ အသားလုပ်ငန်းနဲ့ အသားပါတဲ့မုန့်လုပ်တဲ့ လုပ်ငန်းကြီးတွေကနေ အသားစားခြင်းနဲ့ ကျန်းမာရေးအဆက်အစပ်ကို အပြုသဘောမြင်စေမယ့် အိုင်ဒီယာကို ကျွန်တော်တို့အပေါ် လွှမ်းမိုးရောင်းချနေတယ်လို့ စွပ်စွဲတယ်။ အတိတ်တစ်ချိန်က အားကစားသမားတွေနဲ့ ဆရာဝန်တွေကို ခေါ်ပြီး ဆေးလိပ်ကြော်ငြာရိုက်သလိုမျိုး…(အလုပ်လည်းဖြစ်ခဲ့တယ်)။ ဘေးထွက်အကျိုးအဖြစ်လူတွေနာမကျန်းဖြစ်ရတဲ့အခါ ဆေးကုမ္ပဏီ၊ ဆရာဝန်နဲ့ မီဒီယာတွေအတွက်ပါ အဆင်ပြေသွားစေတယ်။

Climate Change သစ်တောပြုန်းတီးမှု၊ ရေချိုရှားပါးမှု၊ ရေထုညစ်ညမ်းမှု စတာတွေနဲ့ မွေးမြူရေးလုပ်ငန်း ပတ်သက်ပုံကိုလည်း မငြင်းနိုင်တဲ့ကိန်းဂဏန်းတွေသုံးပြသွားတယ်။ ကြောက်စရာကြီး။ လူတွေက အသီးအရွက်ဆီက ပရိုတိန်းကို တိုက်ရိုက်မယူဘဲ တိရိစ္ဆာန်တွေကို ကြားခံလိုက်တဲ့အခါ ရီစရာကောင်းတဲ့အချက်တွေ ထွက်လာရော။ ဥပမာ၊ မွေးမြူရေးအတွက် သစ်တောကိုခုတ်ထွင်ရတယ်။ သူတို့ကိုရေတိုက်ရမယ်၊ သူတို့စားစရာ စိုက်ပျိုးဧကများစွာအတွက် သစ်တောကိုထပ်ရှင်းရသေးတယ်။ ပြီးတော့ အဲဒီငတိတွေက လူတွေထက် အဆ၅၀လောက်ချီးထွက်ပြီးတော့.. သူတို့စားတဲ့ကယ်လိုရီပမာဏရဲ့ ခြောက်ပုံတစ်ပုံကိုသာ လူတွေဆီ ပြန်ထုတ်ပေးသတဲ့။ (ပြောတာပဲ)။

ရှားပါးမျိုးစိတ် မျိုးတုန်းမှုကာကွယ်ပေးနေတဲ့ လူတစ်ယောက်ကတော့ “ကျွန်တော်နေ့ဘက်တွေမှာ တိရိစ္ဆာန်တစ်ကောင်ကို ကာကွယ်ပြီးအပြန် ညရောက်တော့ တစ်ခြားတစ်ကောင်ကို စားနေတာပဲ။ လူတွေအတွက် တကယ့်ချိန်းခြောက်မှုက မွေးမြူရေးလုပ်ငန်းကြီးတွေကနေ လာတယ်။ တကယ်ကာကွယ်ချင်ရင် လုပ်ရမှာက သူတို့ကိုပါးစပ်ထဲ မထည့်ဖို့ပါပဲ”။

Documentary ထဲမယ် ကရုဏာတွေ မေတ္တာတွေမပါဘူးနော်။ ကျွန်တော်တို့ငယ်ဘဝတစ်လျှောက်လုံး အလိမ်အညာတွေထဲ နေခဲ့ရသလားဆိုတာကို ပြန်ဆန်းစစ်စေချင်တဲ့သဘောပဲ။

တော်တော်ကျယ်လောင်လာတဲ့ issue လို့ ထင်ပါတယ်။ တကယ်ဆို ဒီအကြောင်းက သိပ်ပြောလို့မကောင်းဘူး။ ထမင်းဝိုင်းမှာ “ဟေး ကိုယ်ကသက်သတ်လွတ်ပါ” ပြောတဲ့သူကိုမုန်းကြတယ်။ သူတို့ခမျာ အစားငမ်းချင်တဲ့အာသီသရယ်၊ အသားစားမှအားရှိတယ်ဆိုတဲ့အသိရယ်ကြောင့် အကုသိုလ်ဘာညာဆိုတာကို အတင်းမေ့ဖျောက်ထားရတဲ့ အချိန်မှာ “ခင်ဗျားမြိုနေတာ သတ္တဝါတစ်ခုရဲ့အသားတွေ”လို့ သတိပေးသလို ဖြစ်နေတာကိုး

Crd pyae sone

Published by DanielAlex

It's me for now.

Leave a comment

Design a site like this with WordPress.com
Get started